ပခုက္ကူတက္ကသိုလ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို တိုင်းရင်းသားရိုးရာ ပဒေသာကပွဲနှင့် ကာယအလှမယ်ပြိုင်ပွဲကျင်းပ

ပခုက္ကူ ဖေဖော်ဝါရီ ၁၂

၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။ ဆက်လက်၍ ကာယအလှမယ်ပြိုင်ပွဲကျင်းပရာ ကျောင်းသူအလှမယ် ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အကဲဖြတ်ဒိုင်အဖွဲ့က ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အမှတ်ပေးရွေးချယ်ကြသည်။

ထို့နောက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ ကာယအလှမယ်ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ခေတ္တပါမောက္ခချုပ်နှင့် တာဝန်ရှိသူ များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)