မြိတ်မြို့တွင် ပန်းခင်းစီမံချက်အဆင့်(၃)၊ Biometric အချက်အလက်များနှင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အဆောက်အအုံ မှတ်ပုံတင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မြိတ်  ဖေဖော်ဝါရီ  ၁၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ် ဦးစီးမှူးရုံးဝန်ထမ်းများက ကန်ဖျားရပ်ကွက်ရှိ  ပြည်သူများအား  ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ဆောင်ရွက်ပေးနေမှုနှင့် Biometric အချက်အလက်များ စာရင်းကောက်ယူနေမှုအား ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။   

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူလူထုများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို လည်းကောင်း၊  Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းကိုလည်းကောင်း၊  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အဆောက်အအုံ မှတ်ပုံတင်ခြင်းလုပ်ငန်းကို လည်းကောင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို ဇန်နဝါရီ(၁)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၅၈)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း(၂၈၂၅)စောင်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အတူ Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းဖြင့် ပြည်သူများအား (2023)ခုနှစ် ဇွန်(၃၀) ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ပြီး(၁၇၉၆၁)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အဆောက်အအုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို  ဇန်နဝါရီ(၁၉)ရက်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး အဆောက်အအုံ(၆၇၀၂)လုံး ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း မြိတ်မြို့နယ်ဦးစီးမှူးရုံး မှ သိရသည်။

အဆိုပါလုပ်ငန်းများဖြင့် ပြည်သူလူထုများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေ ဦးဆောင်၍ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့်  ပူးပေါင်း၍  ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသန့်ဇင်၊ မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးတို့က လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)