ငပုတော ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားကို ယနေ့နေ့လယ် (၁:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ခရိုင်ရွေးကော်ပွဲအရာရှိ ဒေါ်အေးအေးစိုးက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ power- point ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ရေရှည်တွင် ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာကြေငြာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)