ဓနုဖြူမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဓနုဖြူ ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၁၀)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းကွန်ကရစ်ခင်းခြင်း အပိုင်း(၁) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးလွင်တို့မှ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မဟာဗန္ဓုလလမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား မအူပင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်ထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်မှပေးအပ်၍ ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးထံသို့ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူတို့က ပေးအပ်ခဲ့ပြီး ဧည့်သည်တော်များက ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါကွန်ကရစ်လမ်းသစ်အား ဓနုဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လမ်းအရှည် (၅၇၅)ပေ၊ လမ်းအကျယ် (၃၆)ပေ၊ (၈) လက်မထုအား Royal Nyaungdon ကုမ္ပဏီမှ ကုန်ကျငွေကျပ် (၉၈.၇၀)သန်းဖြင့် (၉.၆.၂၀၂၃)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး (၉.၁၁.၂၀၂၃)ရက်နေ့တွင် လုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီး​ပြီး ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူထံမှ သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)