ပခုက္ကူ ဖေဖော်ဝါရီ ၁၁
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားတတ်စေရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရမည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်တို့အတွက် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲပထမပွဲစဉ်အဖြစ် ဓာတုဗေဒဌာနအသင်းနှင့် ရူပဗေဒဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဓာတုဗေဒဌာနအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသည်။ အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ ပိုက်ကျော်ခြင်းအားကစားအသင်း ခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)