ရေနံချောင်း ဖေဖော်ဝါရီ ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် လေပြင်းဘေးကျရောက်နိုင်သော ရေလယ်ကျွန်း ကျေးရွာများဖြစ်သည့် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ မာန်မြေကျေးရွာအုပ်စုနှင့် ရုံးဆိပ်ကျွန်းကျေးရွာအုပ်စုများမှ နေအိမ် ၁၅၀ အတွက် လေပြင်းဘေးကြိုတင်ကာကွယ်ရေး ထောက်ပံ့ငွေကျပ် ၆,၇၅၀,၀၀၀ ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ပြာစိုးတို့က ကျေးရွာအုပ်စု တစ်အုပ်စုလျှင် နေအိမ် ၅၀ လုံးနှုန်းဖြင့် ကျေးရွာအုပ်စု သုံးအုပ်စုမှ နေအိမ် ၁၅၀ လုံးအတွက် နေအိမ်တစ်လုံးလျှင် ထောက်ပံ့ငွေကျပ် ၄၅,၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၆,၇၅၀,၀၀၀ ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ကျေးရွာပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သက်ဆိုင်ရာဌာနများ၊ ကျေးရွာ တာဝန်ခံများ၊ မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူရေးအဖွဲ့များဖြင့် အမှန်တကယ် လေပြင်းကျရောက်နိုင်သော ရေလယ်ကျွန်းကျေးရွာများဖြစ်သည့် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ မာန်မြေကျေးရွာအုပ်စု၊ ရုံးဆိပ်ကျွန်း ကျေးရွာအုပ်စုတို့မှ အမိုးအကာအားနည်းခြင်း၊ ဆင်းရဲနွမ်းပါးခြင်းနှင့် အမျိုးသမီးအိမ်ထောင်ဦးစီးနေအိမ်များကို စနစ်တကျရွေးချယ်ကာ လေပြင်းဘေးကျရောက်သည့်အချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ဖို့အတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)