ဒေးဒရဲမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒေးဒရဲ ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ကွက်နေပြည်သူများ သွားလာမှုအဆင်ပြေစေရန်ရည်ရွယ်၍ ဆောင်ရွက်ခင်းကျင်းခဲ့သည့် အောင်မင်္ဂလာကွက်သစ်ရှိ ဆင်ဖြူရှင်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါလမ်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများက တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးအေးကြိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်တို့က ကွန်ကရစ် လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များက ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ အဆိုပါကွန်ကရစ်လမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၏ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံ‌ငွေ (၁၉.၂၇၀) ကျပ်သန်းဖြင့်  ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့တွင်စတင်၍ အောင်ပိုင်နေလင်းကုမ္ပဏီက အရှည် (၅၅၅) ပေ၊လမ်းအကျယ် (၁၀)ပေ၊ ထု (၆)လက်မရှိ ကွန်ကရစ်လမ်းအား တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးခဲ့ပြီး ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သွားလာမှု ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း