ချောင်းဦး ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းတွင် ယမန်နေ့ နံနက်(၇)နာရီအချိန်မှ စတင်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးပြီး ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ မြို့နယ်အတွင်းရှိ အားကစားဝါသနာပါသည့် လူငယ်အမျိုးသား၊ အမျိုးသမီးများ ပါဝင်ယှဥ်ပြိုင်ခဲ့သည်။ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများအပြီးတွင် ဆုရရှိသည့် အားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များမှ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အားကစားပြိုင်ပွဲသို့ လာရောက်ကြည့်ရှု့အားပေးကြသည့် ပြည်သူများနှင့် အားကစားသမားများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ဆက်ဦးစီးဌာန ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)