ပွင့်ဖြူ ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၈ နာရီကစပြီး မြို့နယ်အားကစားကွင်း၌ ကျင်းပလျက်ရှိကြောင်း အဆိုပါမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။
ပြိုင်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအား စတင်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကျင်းပရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းများအဖွဲ့က အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူငယ်မောင်မယ်များနှင့် ကျောင်းနေအရွယ်ကလေးများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားသမားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ်စဉ် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို စီစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင်လည်း (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံး ပြိုင်ပွဲကို စီစဉ်ကျင်းပပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အားကစားဝါသနာရှင်ပြိုင်ပွဲဝင် အသင်း (၈)သင်းက အသီးသီးပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပပြုလုပ်လျက်ရှိပြီး ယင်းပြိုင်ပွဲသို့ ဌာနဆိုင်ရာ ခြင်းအားကစားဝါသနာရှင် အသင်(၆) သင်းမှ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲများအလိုက် (ပထမ၊ ဒုတိယ၊ တတိယ) ဆုများကို ရွေးချယ်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )