ပွင့်ဖြူ ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံ ၃၁၂၈၇ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် ၂၉၉၅၉ ဧက၊ ရေစုပ်စက်စနစ်ဖြင့် ၁၃၂၈ ဧက၊ စုစုပေါင်း ၃၁၂၈၇ ဧက စိုက်ပျိုးသွားမည်ဖြစ်ကာ ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ဒေသခံတောင်သူများ နွေစပါးသီးနှံ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးသွားနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်ပျိုးရေးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပွင့်ဖြူမြို့နယ်မှာ သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရန်အတွက် တစ်မြို့နယ်လုံး နွေစပါးသီးနှံ ၃၁၂၈၇ ဧက လျာထားစိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဒီနှစ် နွေစပါးသီးနှံကို တောင်သူတွေ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ဖို့အတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ယခုလ ၁၆ ရက်နေ့မှ စတင်ပြီး မြောက်မုန်းမြောင်းမကြီးမှတစ်ဆင့် စိုက်ပျိုးလယ်မြေအရောက် ဖြန့်ဝေဆောင်ရွက်ပေးသွားမှာဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူတွေကို လိုအပ်တဲ့ သွင်းအားစုတွေနဲ့ စိုက်ပျိုးရေးနည်းပညာတွေကို ကူညီဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နွေစပါးသီးနှံစိုက်ပျိုးရာ၌ လိုအပ်တဲ့ ဓာတ်မြေဩဇာတွေ စနစ်တကျ သုံးစွဲတတ်စေဖို့ တောင်သူနည်းပညာပေးလုပ်ငန်းတွေကိုလည်း စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဌာနတွေ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုရှိတာဖြစ်လို့ ဒေသခံတောင်သူတွေက နှစ်စဉ် နွေသီးနှံစိုက်ပျိုးရာသီမှာ နွေစပါးကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါးသီးနှံ ၃၁၂၈၇ ဧက လျာထားစိုက်ပျိုးရာတွင် ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ချမ်းမြေ့မေ၊ ဆာဖိုးသာ၊ GW 1 စသည့် စပါးမျိုးများကို အဓိက စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရကာ ယင်းစပါးမျိုးများအနက် ရတနာတိုးစပါးမှာ အထွက်နှုန်းကောင်းပြီး ဈေးကွက်ရှိ၍ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)