အထက်မင်းလှ ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နေ့လယ်(၁၂)နာရီခွဲက ပေတော(ကန္နား)ကျေးရွာမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ ရှင်းလင်း ဆွေးနွေးခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ လာရောက်အသိပေးရှင်းလင်းဆွေးနွေးခြင်း ဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့၏ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေးပူးပေါင်းဆောင်ရွက်ရန်၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်ဇာနည်အောင်က ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင် ရန်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နယ်မြေအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများနှင့် ရပ်ရွာလုံခြုံရေးအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီး ဌာနနှင့်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့က ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသပေးခြင်းဆောင်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)