ဇလွန် ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အခြေခံပညာမူလတန်းကျောင်း ဒေါ်ငြိမ်းကုန်းကျောင်း၏ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးစုံညီပွဲတော် ထူးချွန်ဆုနှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာမူလတန်းကျောင်း ဒေါ်ငြိမ်းကုန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်း ဒေါ်ငြိမ်းကုန်းကျောင်း၏ ကျောင်းဆောင်သစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝင်းလွင်ဦး၊ မြို့နယ်ပညာရေးမှူးဆရာကြီး ဦးဖုန်းဇော်နှင့် ကျောင်းအကျိုးတော်ဆောင် ဦးစံသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း ဒေါ်ငြိမ်းကုန်းကျောင်းသည် ( ၁၀၀ × ၃၀ ) ပေ RC (၁)ထပ် Plinth Level 6 ဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေတင်ဒါစနစ်ဖြစ် ( ၈၂.၅ ) ကျပ်သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းနောက် အခြေခံပညာမူလတန်းကျောင်း ဒေါ်ငြိမ်းကုန်းကျောင်း၏ ၂၀၂၃ - ၂၀၂၄ ပညာရေးစုံညီပွဲတော်ကို ဆက်လက်ကျင်းပရာ အ.မ.က ဒေါ်ငြိမ်းကုန်း ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးဆရာကြီးဦးဖုန်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် အ.မ.က ဒေါ်ငြိမ်းကုန်း ကျောင်းဆောင်သစ် ဆောက်လုပ်ရာတွင် စွမ်းစွမ်းတမံ တာဝန်ယူဆောင်ရွက်ပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူးဆရာကြီးဦးဖုန်းဇော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.မ.က ဒေါ်ငြိမ်းကုန်း ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ဝေယံ - ဇလွန် ( ပြန် /ဆက် )