မြိတ် ဖေဖော်ဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်ရပ်ကွက်၊ ဇေယျာသီရိ(၄)ရပ်၊ အောင်သပြေလမ်းရှိ ဦးစိုးဦး ဦးစီးဆောင်ရွက်နေသော အလျား(၃၀)ပေ၊ အနံ(၄၀)ပေ၊ သွပ်မိုး၊ သံဖရိန်(၁)ထပ် ကရုဏာနာရေးကူညီမှု အသင်းရုံး အဆောက်အဦတွင် ဖေဖော်ဝါရီ(၁၁)ရက် နံနက်(၂)နာရီခွဲခန့်က မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင် မှုစတင်ဖြစ်ပွားခဲ့ပြီး လူမှုရေးအသင်းအဆောက်အဦ(၁)လုံး၊ လူနေအိမ်(၆)လုံးနှင့် လူနာတင်ယာဉ်(၄)စီး မီးလောင်ကျွမ်းပျက်စီးခဲ့သည်။
မီးလောင်မှုကြောင့် အောင်သပြေလမ်းရှိ အလျား(၃၀)ပေ အနံ(၄၀)ပေ၊ သွပ်မိုး၊ သံဖရိန်(၁)ထပ် ကရုဏာ နာရေး ကူညီမှုအသင်းရုံး(၁)လုံး၊ အလျား(၂၅)ပေ အနံ(၄၀)ပေ၊ ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ (၁)ထပ် လူနေအိမ်(၁)လုံး၊ အလျား(၁၅)ပေ၊ အနံ(၄၀)ပေ၊ အုတ်ညှပ်၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ (၂)ထပ်လူနေအိမ်(၁)လုံးနှင့် ရွှေပြည်သာ လမ်းရှိ အလျား(၁၄)ပေ၊ အနံ(၂၅)ပေ၊ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် လူနေအိမ်(၂)လုံး၊ အလျား(၁၄)ပေ၊ အနံ(၂၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ လူနေအိမ်(၁)လုံး၊ အလျား(၂၀)ပေ၊ အနံ(၄၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ လူနေအိမ်(၁)လုံး၊ စုစုပေါင်း လူမှုရေးအသင်းအဆောက်အဦ(၁)လုံး၊ လူနေအိမ်(၆)လုံး၊ Alpha အမျိုးအစား၊ လူနာတင်ယာဉ် (၄)စီး မီးလောင်ကျွမ်းခဲ့သည်။
မီးလောင်မှုအား အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ စကားပြောစက်ဖြင့် သတင်းပေးပို့သဖြင့် ခရိုင်/မြို့နယ် မီးသတ်စခန်းနှင့် အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ်(၂၆)စီး၊ ပုဂ္ဂလိက ရေသယ်ယာဉ် (၃)စီးနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များမှ လူနာတင်ယာဉ်များဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးစန်းဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် (၃)နာရီ(၃)မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး (၃)နာရီ(၂၅)မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)