ချောင်းဦးမြို့နယ်၌ မျိုးစေ့ထုတ်ကွက်နှင့် စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုပံ့ပိုးပစ္စည်းများ ပေးအပ်၊ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် သီးနှံမျိုးစေ့များ ပြသ

ချောင်းဦး ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဆောင်းသီးနှံနှင့် နွေသီးနှံများကို မျိုးကောင်းမျိုးသန့် ပြန့်ပွားရေးနှင့် အထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ထားသည့် မျိုးစေ့ထုတ်ကွက်နှင့် စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုပံ့ပိုးပစ္စည်းများ ပေးအပ်သည့်အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်အောင်၊ ကျေးရွာအုပ်စု ၉ အုပ်စုမှ တောင်သူ ၇၂ ဦး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဥက္ကဋ္ဌ ဦးထူးကျော်မှ အမှာစကားပြောကြားပြီး ဦးညွန့်အောင်မှ လယ်ယာမြေများစီမံခန့်ခွဲထားမှု စိုက်ပျိုးနိုင်သမျှ စိုက်ပျိုးကြရန် ပြောကြားသည်။ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ဒေသတွင်း မျိုးကောင်းမျိုးသန့်များ ပြန့်ပွားလာစေရန်၊ သီးနှံများ အထွက်နှုန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြီး သွင်းအားစု ပံ့ပိုးပစ္စည်းများ ပေးအပ်ကာ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် သီးနှံမျိုးစေ့ပြပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သွင်းအားစု ပံ့ပိုးပစ္စည်းများဖြစ်သည့် ယူရီးယားမြေသြဇာ၊ စူပါဘိုကာရှီ သဘာဝမြေသြဇာများ၊ EM ဖျော်ရည်များ၊ နည်းပညာပေးစာအုပ်များကို တာဝန်ရှိသူများက တောင်သူများအား ပေးအပ်ခဲ့သည်။ အခမ်းအနားအပြီးတွင် တောင်သူများနှင့် တက်ရောက်လာသူများအား ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် စပါးမျိုးများ၊ ဂျုံမျိုးများ၊ ပဲတီစိမ်းမျိုးများ၊ မတ်ပဲမျိုးများ၊ ချည်မျှင်ရှည်ဝါမျိုးများ၊ မြေပဲ နှမ်း နေကြာမျိုးများကို ခင်းကျင်းပြသခဲ့ကာ မျိုးကွဲအလိုက် အရည်အချင်းလက္ခဏာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ ရှင်းလင်းဆွေးနွေးခဲ့သည်။ တောင်သူများ မေးမြန်းသည့် သိရှိလိုသည်များကိုလည်း ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)