သာပေါင်း ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပသော မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ စတင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေးအေးမိုးက အီလက်ထရောနစ်မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံအဆင့်ဆင့်နှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine-MEVM) ကိုအသုံးပြုပြီး လက်တွေ့မဲပေးရာတွင် အမှားအယွင်းလုံးဝမရှိဘဲ (၁၀၀) ရာခိုင်နှုန်းတိကျစွာဖြင့် ဆန္ဒမဲပေးပြည်သူများ သတ်မှတ်ချိန်အတွင်း လွယ်ကူလျှင်မြန်စွာ ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) သည် မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ စာတတ်မြောက်မှုနှုန်းများပေါ်မူတည်၍ တီထွင်ထားခြင်းဖြစ်ပြီး မဲပေးစက်နှင့်ပတ်သက်၍ အများပြည်သူထံသို့ ပညာပေးရေးအစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့်အကျိုးကျေးဇူးများသည့် အီလက်ထရောနစ်မဲပေးစက်များ အသုံးပြုခြင်းအားဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတွင် ကြီးစွာသော အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊စာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူတို့က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ တစ်ဦးချင်းလက်တွေ့စမ်းသပ်မဲပေး လေ့လာခဲ့ကြပြီး သိရှိလိုသည်များမေးမြန်းရာ ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်အေးအေးမိုးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်