ပုသိမ် ဖေဖော်ဝါရီ ၁၁
အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သဲဖြူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လာရောက်ဆေးကုသသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့ကာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့မှ မျက်စိကုသမှုပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ သွားနှင့်ခံတွင်းကုသမှုပါရဂူ၊ အရိုးကုသမှုပါရဂူ၊ ECG၊ ခွဲစိပ်ကုသမှုပါရဂူ၊ အထွေထွေရောဂါကုသမှုပါရဂူများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲဖြူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ တာဝန်ခံကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် အတန်းစဉ်ကူးပြောင်းမှုများ မကျန်ရှိစေရေးမှာကြားခဲ့ပြီး တာဝန်ခံကျောင်းအုပ်၏ ကျောင်းလိုအပ်ချက်တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲဖြူကျေးရွာ၊ ဝိဇိတာရုံကျောင်းတိုက်အတွင်း၌ နယ်မြေလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်သည့် ကျန်စစ်သားကွန်ကရစ်လမ်းဖွင့်ပွဲအား တက်ရောက်ခဲ့ရာ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့ထံသို့ ကွန်ကရစ်လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းအား ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကျန်စစ်သား ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကွန်ကရစ်လမ်းအား ကန်ကြီးထောင့်မြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၂၅၀၀) ပေ၊ အကျယ် (၁၆) ပေ၊ ထု (၆) လက်မနှင့် ကွန်ကရစ်လမ်း၏ ခံနိုင်ဝန်သည် (၁၃) တန်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော လမ်းအရှည် (၄) ဖာလုံရှိ ပေသလပ်ကုန်း - ပြင်ရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအား တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့နယ်၊ လပွတ်ကုလားကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား၊ မြောင်းမြမြို့နယ်၊ ပြင်ရွာကျေးရွာနှင့် ဒရယ်ပေါက်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကာ ကမ္ဗည်းမော်ကွန်းအားအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် ကျေးရွာအတွင်း မီတာတပ်ဆင်သုံးစွဲနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် လပွတ်ကုလားကျေးရွာ လျှပ်စစ်မီးလင်းရေးသည် ဌာနရန်ပုံငွေဖြင့်လည်းကောင်း၊ ပြင်ရွာကျေးရွာသည် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့်လည်းကောင်း၊ ဒရယ်ပေါက်ကျေးရွာသည် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase 2 ဖြင့်လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ လပွတ်ကုလားကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ရှေးဟောင်းသမိုင်းဝင် ကျိုက်မောင်းစေတီတော်မြတ်ကြီးသို့ရောက်ရှိ၍ ပန်း၊ ဆီမီး၊ ရေချမ်း၊ အမွှေးနံ့သာများ ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုပြီး စေတီတော်မြတ်ကြီးဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကာ စေတီတော်မြတ်ကြီးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြောင်းမြမြို့နယ်၊ ငှက်ပျောတောကျေးရွာရှိ တောင်သူဦးမန်းကိုကြီး၏ စူပါနှံကောက်စပါးမျိုး၊ စိုက်ဧက (၁၀) ဧက၌ နွေစပါးဓာတ်မြေဩဇာစုပေါင်းကြဲပက်နေမှု၊ ဆိုလာစနစ်ဖြင့် နွေပါးရေတင်နေမှုများနှင့် မြောင်းမြမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ မြောင်းမြ-ပြင်ရွာကားလမ်းဘေး (ဝဲ/ယာ) မြောင်း အလျား (၄.၁၂၅) မိုင်၊ ထိပ်ဝအကျယ် ၂၀ ပေ၊ အောက်ခြေအကျယ် ၆ ပေ၊ ပျမ်းမျှအနက် ၇ ပေ၊ အကျိုးပြုဧက ၁၅၀ ရှိ မြောင်းတူးဖော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ မြောင်းတူးဖော်ပြီးစီးမှုအခြေအနေများ၊ စိုက်ဧကများအတွက် အကျိုးပြုနိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)