ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) သွေးလှူဘဏ်ဌာန၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၁၁

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းသည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) သွေးလှူဘဏ်ဌာန၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းကြမည့်သူများအား ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)သွေးလှူဘဏ်ဌာနမှ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်ပေးနေမှုများ၊ သွေးလှူဒါန်းရန်ကိုက်ညီသူများအား ကျန်းမာရေးဝန်ထမ်းများက သွေးဖောက်ထုတ်လှူဒါန်းပေးနေမှုအခြေအနေများ၊ သွေးလှူဘဏ်တွင် သွေးအမျိုးအစားအလိုက် ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူရှင်များအား အာဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယနေ့စုပေါင်းသွေးလှူဒါန်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်ရင်းသားပြည်သူများအပါအဝင် စုစုပေါင်း သွေလှူရှင် ၇၀ ဦး လာရောက်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) ကလေးဖျားနာဆောင်တွင် ဆေးရုံတက်ရောက် ကုသမှုခံယူနေကြသည့် ရင်သွေးငယ်များနှင့်မိဘများအား သွားရောက်တွေ့ဆုံပြီး တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို  မေးမြန်းအားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဆင်းနှုတ်ဆက်ပွဲအခမ်းအနားကို နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက  စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)မှ ချမှတ်ထားသည့် ကျောင်းစည်းကမ်း၊ အဆောင်စည်းကမ်းများကိုလိုက်နာ၍ ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် လေ့လာဆည်းပူးခဲ့ကြသည့် တတိနှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးသည် မကြာမီ ကျောင်းဆင်းကြတော့ ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရရှိပြီးချိန်တွင်လည်း ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ သတ်မှတ်အရည်အချင်းပြည့်မှီပါက စိုက်ပျိုးရေးဘွဲ့ကိုပါ ဆက်လက်ရရှိပြီး ပါရဂူဘွဲ့အထိ ဆွတ်ခူးရရှိနိုင်ရန် ကြိုးစားကြစေလိုကြောင်း၊ ဘဝခရီးလမ်းတွင် စိုက်ပျိုးရေးပညာရှင်အနေဖြင့် အကောင်းဆုံလျှောက်လှမ်းနိုင်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် အမြင့်ဆုံးရောက်အောင် ကြိုးစားကြစေလိုပြီး အမိကျောင်းတော်ကြီးမှ ဂုဏ်ယူထိုက်သော မိမိဒေသအကျိုး၊ တိုင်းပြည်အကျိုး သယ်ပိုးထမ်းရွက်နိုင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ) ကျောင်းအုပ်ဆရာမကြီးက နှုတ်ဆက်စကားပြောကြားပြီး နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက နှုတ်ဆက်စကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

အလားတူ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၄ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။ 

ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြိုင်ပွဲဝင်အသင်းများအားလုံး ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း ဥပဒေဘောင်အတွင်းမှ သန့်သန့်ရှင်းရှင်းဖြင့် ယှဉ်ပြိုင်အနိုင်ယူကစားကြရန်၊ ဒိုင်လူကြီးများ၏ အဆုံးအဖြတ်ကို လိုက်နာကစားသွားကြရန် တိုက်တွန်းမှာကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်ဘော်လီဘောအသင်း (၁၂)သင်းမှ အားကစားသမား (၁၀၄)ဦးတို့သည် အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘော်လီဘောအားကစားဝါသနာရှင်များက အဖွင့်ပွဲစဉ်များအဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာန အမျိုးသားဘော်လီဘောအသင်းနှင့် ဘားအံတက္ကသိုလ်အမျိုးသားဘော်လီဘောအသင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန အမျိုးသမီးဘော်လီဘောအသင်းနှင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့ အမျိုးသမီးဘော်လီဘောအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)