(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေး ဖေဖော်ဝါရီ ၁၁

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ စာရင်းစစ်ချုပ်ရုံး၊ (၁၀၀ပေ × ၆၀ ပေ) သုံးထပ် RCC ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါရုံး၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများ တက်ရောက် သည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၄၈၀ နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၃၂၀ စုစုပေါင်းကျပ်သန်း ၈၀၀ ဖြင့် (၁၀၀'×၆၀') သုံးထပ် RCC ရုံးအဆောက်အဦကြီးကို ယခုလို တည်ဆောက်ခွင့်ပြုပေးခဲ့တာဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများအနေနဲ့ “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဆိုတဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်းဆောင်သွားကြစေလိုကြောင်း ပြောကြားပြီး မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ရုံးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

မောင်ညီညာ