မကွေး ဖေဖော်ဝါရီ ၁၁
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုနှင့် သားဖွား သင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၉)၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်း မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းကို ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ်သင်တန်းကို သင်ကြားပို့ချပေးခဲ့ရာ ယခုဆိုလျှင် သင်တန်းအပတ်စဉ် (၂၉)သို့ ရောက်ရှိပြီးဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် သင်တန်းသားသူ (၁၁၇)ဦးကို ထပ်မံ၍ သူနာပြုအတတ်ပညာများကို သင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ သူနာပြုများ၏ ကဏ္ဍသည် အလွန်ပင်အရေးကြီးလှပါကြောင်း၊ ပြည်သူ့အကျိုးပြု သူနာပြုကောင်းများဖြစ်အောင် ယခုအချိန်ကစပြီး စာတွေ့လက်တွေ့ စဉ်ဆက်မပြတ် ဆည်းပူးလေ့လာနေရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ကလည်း သင်တန်းသား/သူများအတွက် လစဉ် ပညာသင်ထောက်ပံ့ကြေး သုံးသောင်းကျပ်ကို သင်တန်းပြီးဆုံးသည့်အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သစ်လွင်သင်တန်းသား/သူများအနေဖြင့်လည်း ဘာသာရပ်တိုင်းကို စာတွေ့၊ လက်တွေ့လေ့လာ၍ ကျွမ်းကျင်သော သူနာပြုကောင်းများဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများက လောကအားမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နိုင်ငံတော်အတွက် လိုအပ်နေသော အရည်အသွေးပြည့်ဝသည့် သူနာပြု၊ သားဖွားများကို လုံလောက်စွာ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး စွမ်းစွမ်းတမံ ဆောင်ရွက်ကြစေလိုကြောင်းနှင့် ကျင့်ဝန်များကို ထိန်းသိမ်းကာ နိုင်ငံတော်၏ အကျိုးကို သယ်ပိုးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အပတ်စဉ်(၂၉)(သစ်လွင်) သူနာပြုသင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)မှ သင်တန်းသား၊ သင်တန်းသူများက ရိုးရာမပျက်တဲ့မြေ၊ လတ်ခတ်သံနှင့် ခင်ခင်ထား စသည့် တေးသီချင်းများဖြင့် သရုပ်ဖော်ကပြဖျော်ဖြေ တင်ဆက်ကြရာ ဖျော်ဖြေတင်ဆက်ခဲ့သည့် အကအလှအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ