(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့နယ်၊ ကျန်စစ်သား ကွန်ကရစ်လမ်းသစ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ကန်ကြီးထောင့်         ဖေ‌ဖော်ဝါ‌ရီ         ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့်  ကျန်စစ်သားကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး‌ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေမင်းထက်က ကျန်စစ်သားလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ကျန်စစ်သားကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရပစ္စည်းများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီးဌာနဝန်ကြီး၊ လူမှုရေးရာဝန်ကြီးထံသို့ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများက ကျန်စစ်သားလမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများကို ရိုက်ကူးခဲ့ကြသည်။ ထို့နောက် ဖွင့်လှစ်ပြီးသော ကွန်ကရစ်လမ်းသစ်အား လှည့်လည်စစ်ဆေးကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

အဆိုပါ  ကျန်စစ်သားလမ်း ကွန်ကရစ်လမ်းသစ်သည် အလျား(၂၅၀၀)ပေ၊ အနံ(၁၆)ပေ၊ (၈)လက်မထုနှင့် ခံနိုင်ဝန်မှာ (၁၃)တန်ရှိပြီး ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တင်ဒါခေါ်ယူခဲ့ရာ Hearty Group ဆောက်လုပ်ရေး ကုမ္ပဏီက ကျပ်(၁၄၉၀)သိန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး မြို့နယ်၏ မြို့ပြအင်္ဂါရပ် ပိုမိုတင့်တယ်ကောင်းမွန် လာစေခြင်းနှင့် ဒေသနေပြည်သူများ လမ်းပန်းဆက်သွယ် သွားလာမှုလွယ်ကူ ချောမွေ့စေပြီး ရာသီမရွေး ကောင်းမွန်စွာ သွားလာနိုင်မည်ကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)