တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲ နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသည့် ထားဝယ်ခရိုင်(က)အသင်းနှင့် ထားဝယ်ခရိုင်(ခ)အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထားဝယ်ခရိုင်(က)အသင်းက (၁)ဂိုး (၀)ဂိုးဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်က ပွဲစဉ်တစ်လျှောက် အကူအညီပေးသော ကြက်ခြေတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက (ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးအကောင်းဆုံးနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသူများအား ဆုချီးမြှင့်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းမင်းလတ်က ဒုတိယဆုရရှိသည့် ထားဝယ်ခရိုင်(ခ)အသင်း အားတစ်ဦးချင်းဆုနှင့် ငွေသားဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ပထမဆုရရှိသည့် ထားဝယ်ခရိုင်(က)အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုချီးမြှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)