တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ထားဝယ်      ဖေဖော်ဝါရီ   ၁၁

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးထွန်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မင်းမင်းလတ်နှင့်အတူ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာထားဝယ်တပ်နယ်မှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာအရာထမ်းအမှုထမ်းများနှင့် ဒေသခံပြည်သူများက ထားဝယ်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းဟောင်းဝင်း အတွင်း/အပြင် သန့်ရှင်းသန့်ရပ်လှပ‌စေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းဟောင်းဝင်းအတွင်းရှိ အဆောက်အဦများ၊ ရေကန်များ၊ စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး စာသင်ဆောင်ရှိ အခန်းများအတွင်း ဝန်ထမ်းများ နေထိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လေဝင်လေထွက်၊ ရေ၊ မီး အလုံအလောက်ရှိရန်လိုအပ်ကြောင်း၊ လျှောက်လမ်းများနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က  ဆိပ်ကမ်းသာလမ်း (မင်းရပ်ကူးတို့ရပ်ကွက် လမ်းဆုံမှ အောင်တံခွန်ငါးဈေးကြား) စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည့် ကတ္တရာချဲ့ခင်းခြင်းလုပ်ငန်း၊ ကွန်ကရစ်ခင်းလုပ်ငန်းနှင့် အမာခံကျောက်ခင်းခြင်းလုပ်ငန်း၊ တံတားတည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဆိပ်ကမ်းသာ လမ်းတစ်လျှောက်သန့်ရှင်း သာယာလှပရေးအတွက် ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သတ်မှတ်စံနှုန်းများနှင့်အညီ ကိုက်ညီစေရေးနှင့် မတ်လအတွင်းပြီးစီးအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းမှာကြားသည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆောက်လုပ်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကမြောကင်းတံတားချဉ်းကပ်လမ်းပေါ်ရှိ ကျောက်စီ ရေမြောင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆောင်ရွက်ပြီး စီးမှုအခြေအနေများ၊ ၂၀၂၄-၂၀၂၅ ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကျောက်စီရေမြောင်း လျာထားလုပ်ငန်းများ အခြေအနေများနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကျောက်စီရေမြောင်းအား ရေရှည်ကောင်းမွန်စေရေးစနစ် တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျောက်စီရေမြောင်း အချိန်မီပြီးစီးရေး သတ်မှတ်ချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  ကျောက်စီရေမြောင်းရေရှည်ခိုင်ခံမှုရှိစေရေးအတွက် သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျဆောင်ရွက် ရန်လိုအပ်ကြောင်း၊ မိုးဒဏ်ခံနိုင်ရေးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သက်ဆိုင်တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)