ပြည်တက္ကသိုလ် (၂၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အဝေးသင် သင်တန်းအခမ်းအနား ကျင်းပ

ပြည် ဖေဖော်ဝါရီ ၁၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပြည်တက္ကသိုလ် (၂၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အဝေးသင် သင်တန်းခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်တန်းရေးရာဌာနမှူး၊ စီမံ/ဘဏ္ဍာဌာနမှူးနှင့် ဘာသာရပ်ဌာနများမှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်သည်။

ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင် ဦးဆောင်သော သဟာယအဖွဲ့ဝင်များ နေရာယူကြပြီး အစီအစဥ်အတိုင်း ဘာသာရပ်အလိုက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များ ချီးမြှင့်သည်။

ပြည်တက္ကသိုလ် (၂၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အဝေးသင် သင်တန်းအခမ်းအနားကို ယခုဖေဖော်ဝါရီ ၁၀ ရက်မှ ၁၁ ရက်‌နေ့အထိ နှစ်ရက်ကြာကျင်းပခြင်းဖြစ်ပြီး ယင်းဘွဲ့နှင်းသဘင်တွင် ပြည်တက္ကသိုလ်၏ အထူးပြုဘာသာရပ်ပေါင်းစုံ အဝေးသင် သင်တန်းများမှ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့ရ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၄၃၅ဦးကို ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များ အသီးသီး အပ်နှင်းချီးမြှင့်ခြင်းဖြစ်ပြီး အလားတူ လာမည့်ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင်လည်း ပြည်တက္ကသိုလ် (၂၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အဝေးသင် သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့လက်မှတ်များ ဆက်လက်ချီးမြှင့်မည် ဖြစ်ကြောင်းနှင့် ပြည်တက္ကသိုလ်သည် ၂၀၁၀ ပညာသင်နှစ်ကစ၍ ယနေ့အထိ ဘွဲ့ရကျောင်းသား၊ ကျောင်းသူပေါင်း ၁၅၀၀၀ခန့် မွေးထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ၎င်းတက္ကသိုလ်တာဝန်ရှိသူများထံမှသိရသည်။

ကိုဆက်(ပြန်/ဆက်)