မကွေး ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၄ ခုနှစ်အတွက် မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီရဲ့ ရည်မှန်းချက်ကတော့ မကွေးတိုင်းအတွင်းကို ယခင်နှစ်ကထက် ပြည်တွင်း/ပြည်ပ ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး ခရီးသွားဆွဲဆောင်မှုများ ကောင်းမွန်စေရေးနှင့် ဝန်ဆောင်မှုကောင်းမွန်စေရေးတို့ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်မှာ ဟိုတယ် (၁) လုံး၊ အခန်း (၂၈) ခန်းနှင့် ခရီးသွားကုမ္ပဏီ (၁) ခု အသစ်တိုးတက်ဖွင့်လှစ်နိုင်ခဲ့ပြီး ခရီးသည်ဆွဲဆောင်မှုအနေဖြင့် မကွေးမြို့ ကန်သာကန်နှင့် ကမ်းနားလမ်းညဈေးတန်းကို အဆင့်မြှင့်တင်ပေးခဲ့ပါကြောင်း၊ ယခုအခါမှာ ဒေါင်းသေရုက္ခဗေဒဥယျာဉ်တည်ဆောက်ရေးစီမံကိန်းကိုလည်း ဆောင်ရွက်လျက်ရှိပြီး၊ မကွေးမြသလွန်ဘုရားပွဲနှင့် မန်းရွှေစကတော်ရာဘုရားပွဲ၊ MSME ပြပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့လို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက်မှုများပြားခဲ့ကြောင်း၊ ယခင်နှစ် ၂၀၂၃ ခုနှစ်မှာ ဟိုတယ်နှင့် တည်းခိုရိပ်သာ တည်းခိုမှု (၁၀၅၆၀၇) ဦး ၊ ဝင်ငွေ (၁၉၅၃.၀၂၀)သန်း ၊ ခရီးစဉ်ဒေသအသီးသီးကို လာရောက်မှု(၁.၇)သန်းရှိခဲ့ကြောင်း၊ ယခုနှစ်မှာလည်း တိုးတက်မှုကို ဆက်လက်ထိန်းသိမ်း၍ ဧည့်သည်ဝင်ရောက်မှု တိုးတက်များပြားလာစေရေး အားလုံးပေါင်းစပ်ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးဟာ ယဉ်ကျေးမှုအခြေခံ ခရီးစဉ်ဒေသဖြစ်တာနှင့် အညီ မိမိတို့ဒေသမှာရှိတဲ့ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်ရှေးဟောင်းဘုရားသမိုင်းများ၊ ယူနက်စကို အသိအမှတ်ပြု ဗိဿနိုးမြိုဟောင်း၊ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ တိုက်ပွဲဝင်ခဲ့တဲ့ ရှေးဟောင်းမင်းလှခံတပ်၊ ကွေ့ချောင်းခံတပ်နေရာများ၊ ဘာသာရေးအဆောက်အဦဖြစ်တဲ့ ရှေးဟောင်း ရုပ်စုံကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ကိုလိုနီခေတ် ရှေးသမိုင်းကြောင်းများနှင့် အဆောက်အဦများ၊ ထင်ရှားကျော်ကြားလူပုဂ္ဂိုလ်များ၊ ရိုးရာဓလေ့အစားအသောက်များ စိတ်ဝင်စားဖွယ်ရာများကို လူထုပိုမိုသိရှိစေရန်နှင့် လာရောက်ဖို့အတွက် ဆွဲဆောင်မှုရှိစေရန် လုပ်ဆောင်ရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ လှပသော အညာဒေသဖြစ်၍ ဧရာဝတီမြစ်ကမ်းနှင့် မန်းချောင်း၊ မန်းရွှေစက်တော်ရာ သဘာဝအခြေခံ ခရီးသွားရာနေရာများလည်း ရှိတဲ့နေရာဖြစ်လို့ တစ်နှစ်ပတ်လုံး လည်ပတ်စရာနေရာဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသ၏ ငြိမ်းချမ်းသာယာလှပမှု၊ ငွေကြေးစီးဆင်းမှုများ ဖြစ်ပေါ်စေပြီး အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများပါမကျန် အားလုံးဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ပါ ကြောင်း၊ မိမိတို့ဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စေရေး၊ တစ်ခါလာလည်ပြီး ထပ်ခါထပ်ခါ လာလည်စေရန်နှင့် တဆင့်စကားမှ တဆင့်လာရောက် လည်ပတ်စေရေး နှိုးဆော်စေနိုင်ရန်အတွက် အစိုးရ၊ ပုဂ္ဂလိကနေရာဒေသလုပ်ငန်းအသီးသီးမှ ဝန်ဆောင်မှုပေးရတဲ့ ဝန်ထမ်းများမှလည်း မိမိတို့ရဲ့ဝန်ဆောင်မှု ကောင်းမွန်စေရေး အလေးအနက်ထား သင်ကြားပြသပေးရမှာဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂလိကနှင့် ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေနဲ့ မိမိတို့ဒေသရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရိုးရာယဉ်ကျေးမှုများနှင့် သဘာဝအလှများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ကြဖို့နှင့် ဆက်လက်ပြီး ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများမှာလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးအောင်သန်းက ရွှေစက်တော်ဒေသ တည်းကျောင်းရန်ပုံငွေရှာဖွေရေးကိစ္စနှင့်ပတ်သက်၍ တင်ပြခဲ့ပြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကျင်းပနိုင်ရေးကိစ္စရပ်များ၊ ဟိုတယ်လုပ်ငန်းလိုင်စင် အသစ်လျှောက်ထားထားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များမှ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ