မုံရွာ ဖေဖော်ဝါရီ ၁၁
တက္ကသိုလ်အတွင်း ကျောင်းသား/ကျောင်းသူများ ဘောလုံးအားကစားအဆင့်အတန်း မြင့်မားလာစေရန်၊ ကိုယ်ခန္ဓာကျန်းမာ၍ စိတ်ဓါတ်ကြံ့ခိုင်သော ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာစေရန်၊ အားကစားစိတ်ဓါတ်ပြည့်ဝသော ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာစေရန်၊ နိုင်ငံတော်၏ အားကစားပြိုင်ပွဲများတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ မုံရွာစီးပွားရေးတက္ကသိုလ် ဘာသာရပ်အသင်းလိုက် အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာခိုင်မာလှိုင်နှင့် တာဝန်ရှိသူများ၊ တက္ကသိုလ် ကျောင်းသားကျောင်းသူများက အမျိုးသားဗိုလ်လုပွဲအဖြစ် ဝါဏိဇ္ဇဗေဒနှင့် စာရင်းကိုင်ပညာအသင်းနှင့် စာရင်းအင်းပညာအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ရာ ဝါဏိဇ္ဇဗေဒနှင့်စာရင်းကိုင်ပညာအသင်းက စာရင်းအင်းပညာအသင်းကို ၁ ဂိုး ၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အမျိုးသားပွဲစဉ်တွင် အနိုင်ရဗိုလ်စွဲသွားသော ဝါဏိဇ္ဇဗေဒနှင့် စာရင်းကိုင်ပညာအသင်းနှင့် အမျိုးသမီးပွဲစဉ်တွင် အနိုင်ရဗိုလ်စွဲသွားသော ပထမနှစ်အသင်းတို့အား မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာခိုင်မာလှိုင်က တံခွန်စိုက်ဆုဖလားများကို ပေးအပ်ခဲ့ပြီး ဒုတိယပါမောက္ခချုပ် (IRO) ဒေါက်တာ၀ါ၀ါသန်းဦးနှင့် ပါမောက္ခ/ဌာနမှူးများမှ အမျိုးသား/အမျိုးသမီး ပထမနှင့် ဒုတိယဆုရရှိသူများအား ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဘာသာရပ်အသင်းလိုက် အမျိုးသားအသင်း (၅) သင်းနှင့် အမျိုးသမီးအသင်း (၅) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)