ငဖဲ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူများ(Book Club)အသင်းနှင့် ပူး ပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသော အမွေပေးသူတစ်ရာ အမွေခံသူ တစ်ယောက်စာအုပ်ကို ယနေ့ နံနက် ၉ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက စာပေဝါသနာပါသူများအနေဖြင့် အသိပညာဗဟုသုတများ အပြန်အလှန်ဆွေးနွေးပြောကြားတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ လစဉ်ပုံမှန်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်ဝါဝါထိုက်က စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသော အမွေပေးသူတစ်ရာ အမွေခံသူတစ်ယောက် စာအုပ်တွင် ပါဝင်သည့် ကျောင်းသားဘဝကို ဖြတ်သန်းခဲ့သော လူငယ်တစ်ဦးချင်း၏ ဘဝခရီးမှာ တင့်တင့် တယ်တယ် လျှောက်လှမ်းနိုင်အောင် ပညာအမွေ၊ စိတ်ဓာတ်အမွေများ လက်ဆင့်ကမ်းရုံမက တစ်ကိုယ်ရေကျန်းမာရေး ပြည့်စုံဖို့မှသည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေထိုင်ဆက်ဆံတတ်ရန်အထိ ဘက်စုံပြုစုပျိုးထောင်ပေးခဲ့သော ဆရာ၊ ဆရာမများ၏ ဂုဏ်ကျေးဇူးကို အသိအမှတ် ပြုအထူးအလေးထားရန် လိုအပ်ကြောင်းနှင့် Book Club အဖွဲ့ဝင် ဒေါ်နှင်းနွယ်အောင်က လူငယ်များကို မိမိထက်တော်သော လူငယ်များဖြစ်လာအောင် စိတ်ရင်းမှန်မှန်၊ သဘောထားပြည့်ပြည့်ဖြင့် လမ်းပြပေးရန်လိုအပ်ကြောင်း၊ လူငယ်များ၏ သတ္တိရှိမှု၊ ထက်မြက်မှု၊ သွက်လက်မှုကို အသိအမှတ်ပြုပေးရန်လိုအပ်ကြောင်းနှင့် စိတ်ဓါတ်အခြေခံ ကောင်းများရှိသော လူငယ်များနိုင်ငံအတွက် အကျိုးပြုနိုင်ရန် လူကြီးများက ပြင်ဆင်ပေးရမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးရာ တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များက ဖြည့်စွက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)