ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မေဂျာပေါင်းစုံ ထမနှဲထိုးပြိုင်ပွဲ၊ စျေးရောင်းပွဲတော်နှင့် ဘက်စုံထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်

ဟင်္သာတ ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် ၌ ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မေဂျာပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင်ခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က အဆိုပါကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ယနေ့ကျင်းပပြုလုပ်သော ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာသင်နှစ်များအလိုက် ကျောင်းသားကျောင်းသူများက အဖွဲ့ (၆) ဖွဲ့ခွဲကာ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲများအပြီးတွင် စျေးရောင်းပွဲတော်နှင့် ထူးချွန်ဆုများပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ထမနဲထိုးပြိုင်ပွဲတွင် ပထမနှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူအသင်းက ပထမ၊ ဒုတိယနှစ်၊ (ဒုနှစ်ဝက်) အသင်းက ဒုတိယဆု၊ ပဥ္စမနှစ်အသင်းက တတိယဆု များရရှိခဲ့ရာ ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က လည်းကောင်း၊ စာစီစာကုံးနှင့် ကဗျာ၊ အားကစားတို့တွင် ဆုရရှိသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက လည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)