ဘိုကလေးမြို့နယ်တွင် မီးဘေးတားဆီးကာကွယ်ရေးအတွက် သာသနာပိုင်အဆောက်အဦးများအား စစ်ဆေးကြည့်ရှု

ဘိုကလေး ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ မီးဘေးလုံခြုံရေးတို့အတွက် ယမန်နေ့နေ့လယ် (၁)နာရီအချိန်တွင် ဘိုကလေးမြို့ပေါ်ရှိ သာသနာပိုင်အဆောက်အဦးများသို့ တာဝန်ရှိသူများကွင်းဆင်းကာ မီးဘေးတားဆီးကာကွယ်ရေးဆိုင်ရာများအား စစ်ဆေးကြည့်ရှုကြပ်မတ်ခဲ့ကြသည်။

စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးမျိုးဇာနည်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းဇာနည်နိုင် တို့ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဘိုကလေးမြို့ပေါ်ရှိ ဘုရား၊ စေတီများ၊ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းများနှင့် ဝတ်ပြုဗလီများ၊ ဟိန္ဒူဘုရားကျောင်းများ၊ ခရစ်ယာန်ဘာသာရေး အဆောက်အဦးများသို့ သွားရောက်၍ မီးသတ်ဆေးဗူးထားရှိမှု အခြေအနေများ၊ မီးသတ်ရေကန် ထားရှိမှုအခြေအနေများ၊ မီးချိတ်၊ မီးကပ်ထားရှိမှု အခြေအနေများနှင့် လျှပ်စစ်သွယ်တန်း သုံးစွဲမှုအခြေအနေများအား စစ်ဆေးကြည်ရှုခဲ့ကြပြီး မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် လိုအပ်မှုများအား လမ်းညွှန်မှာကြားကာ ကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)