ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေကျင် ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ညောင်ဝိုင်းရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်‌ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးဟိန်းမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က “မူးယစ်ဆေးဝါး၏ဆိုးကျိုးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ဆေးလိပ်/ကွမ်းယာ/အရက် သောက်သုံးခြင်းများ၏အန္တရာယ်” ခေါင်းစဉ်များဖြင့်လည်းကောင်း အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့‌ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါးနှင့်ပတ်သတ်သော သိရှိလိုသည့်များကို မေးမြန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)