ဖျာပုံမြို့နယ် အ.ထ.က(ကျုံတာ)ကျောင်း၌ "လူငယ်စကားဝိုင်း" ကျင်းပ

ဖျာပုံ ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အ.ထ.က(ကျုံတာ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ စကားဝိုင်းပြုလုပ်ရာတွင် ဖျာပုံခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် "လူငယ်စကားဝိုင်း"ကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မာမာလွင်၊ အ.ထ.က(ကျုံတာ)ကျောင်းမှ အထက်ပြဆရာမ ဒေါ်ဇင်နွယ်အေးနှင့်အတူ Grade(11) မှ မောင်ချစ်မြတ်နိုင်က "မျိုးချစ်စိတ်ဓာတ်နှင့်ယနေ့လူငယ်" ၊ မဖြိုးသူဇာအောင်က "ကျောင်းသားနှင့်ကိုယ့်တရား" ၊ Grade(10)မှ မောင်စည်သူအောင်က "မူးယစ်ဆေးဝါးတို့ရှောင်ရှား"၊ မသဲမာခိုင်က "ကျောင်းသားနှင့်စာအုပ်စာပေ"စသည့် ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ ခရိုင်ပညာရေးမှူးရုံးမှလက်ထောက်ညွှန်ကြားရေးမှူး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ အ.ထ.က(ကျုံတာ)ကျောင်းမှ ဆရာကြီး၊ ဆရာမကြီးများနှင့်ကျောင်းသား၊ ကျောင်းသူ(၄၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)