ရေနံချောင်းမြို့ အ.ထ.က(ခွဲ)သပြေကျောင်း၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော

ရေနံချောင်း ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ) သပြေကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်စိုးဟန်နှင့် တပ်ဖွဲ့ဝင်များက မီးဖိုနှင့် လျှပ်စစ်ဓာတ်အားအသုံးပြုလျှင် သတိထားရမည့်အချက်များ၊ မိမိနေအိမ်နှင့် ကျောင်းပတ်ဝန်းကျင်တွင် အမှိုက်သရိုက်များကို ရှင်းလင်းဖယ်ရှားရန်၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ လှေကားများကို စနစ်တကျထားရှိရန်၊ မီးငြှိမ်းသတ်ရန် သီးသန့်ရေလှောင်ထားရန်၊ မီးသတ်ဆေးဘူးများ လုံလောက်စွာဆောင်ထားရန်စသည့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်းကောင်း၊ မီးလောင်မှုဖြစ်ပွားပါက နီးစပ်ရာမီးသတ်စခန်းများ၏ အရေးပေါ်တယ်လီဖုန်းနံပါတ် “၁၉၁”ကို ဆက်သွယ်အကြောင်းကြားရန် အသိပညာပေးဟောပြောပြီး မီးဘေးပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိချိန်တွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရန် မီးဘေးလုံခြုံရေးသတိပေးနှိုးဆော်ခြင်း၊ အသိပညာပေးဟောပြောခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်