ဒေးဒရဲမြို့နယ်၌ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသ

ဒေးဒရဲ ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူများ  အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မငေးကလေးကျေးရွာအုပ်စု၊ မငေးကလေးအရှေ့ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်အေးမြမွန်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှု၍ အချိန်ကိုအကျိုးစွာ အသုံးချနိုင်စေရေး၊ စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဥာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့်မိမိလူမျိုးကို အကျိုးပြုနိုင်မည့် လူငယ်များဖြစ်ပေါ်လာစေရေးအတွက်  အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များပြသခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့်  အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း