ကျုံပျော် ဖေဖော်ဝါရီ ၁၀
လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျုံပျော်မြို့နယ်၊ ရွာသစ်ကျေးရွာ အလယ်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဌေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့ အကျင့်ကောင်းများ မွေးမြူကြရန်၊ ယခုစကားဝိုင်းဆွေးနွေးပွဲမှ ဗဟုသုတများကို လေ့လာမှတ်သားပြီး လာမည့် ဆွေးနွေးပွဲများတွင် မိမိတို့ပါ ပါဝင်ဆွေးနွေးနိုင်အောင် ကြိုးစားကြရန်၊ အနာဂတ်အတွက် အားထားရသည့် သားသမီး ရတနာများဖြစ်ရန်နှင့် ပညာ၊ ဗဟုသုတ ပြည့်စုံကြသူများ ဖြစ်နိုင်ရေး ကြိုးစားကြရန်တို့ကို အဖွင့်အမှာ စကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက လူငယ် စကားဝိုင်း ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ ၎င်း၊ ဖွံ့ဖြိုးတိုးတက်သူများ၏ စံနမူနာ ယူသင့်သည့် အလေ့အကျင့် များကို ဗလငါးတန်ပြည့်စုံသည့် လူငယ်များ ဖြစ်လာစေရန် ကြိုးစားဆောင်ရွက်သင့်သည်များကို ဆွေးနွေးပြောကြား သည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးကျော်ဌေး၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုး၊ ဒုတိယဦးစီးမှူး ဒေါ်မိုးမင်းသန်းနှင့် ရွာသစ်အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မကြည်နူးခင်၊ မချစ်အိန္ဒြေစံနှင့် မောင်ဟိန်းထက်စံတို့က လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် အားကစား စသည့် အကြောင်း အရာများအား ဝိုင်းဝန်းဆွေးနွေးကြသည်။ ထို့နောက် စကားဝိုင်းတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ လေးများက သိလိုသည်များအား မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက် ဗဟုသုတနှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် နံရံကပ်စာစောင်ပြပွဲအား ဆက်လက် ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ထိုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်၊ အနာဂတ် မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ စကားပြောစွမ်းရည် ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာ ပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)