ငရုတ်ကောင်းမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ငရုတ်ကောင်း ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်(၁၂)နာရီက (အ.ထ.က)ငရုတ်ကောင်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ(အ.ထ.က)ငရုတ်ကောင်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဇော်ဦးက အဖွင့်အမှာစကားပြောကြားပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ကျော်မာလာလွင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့်ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်ခြင်းစသည်တို့ကို အသိပညာပေးဆွေးနွေးဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်စာပေများ၊ မူးယစ်‌ဆေးဝါးအန္တရာယ်သတိပြုကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးစသည့် အသိပညာပေးနံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာကြသည်။ ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)