ဟင်္သာတ တက္ကသိုလ်တွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေ၊ အနုပညာ၊ အားကစား ထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

ဟင်္သာတ ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ရွာသာကုန်းအုပ်စု၊ သရက်ကုန်းကျေးရွာရှိ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင်ရှိ ဘွဲနှင်းသဘင်ခန်းမတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေ၊ အနုပညာ၊ အားကစား ထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနား ကို ယနေ့နံနက် (၁၀)နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်၊ တိုင်းအဆင့်) အဆင့်မြင့်ပညာအဆင့် ဆုရကျောင်းသား/ ကျောင်းသူ (၃)ဦးတို့အား ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေမှ ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများအား လည်းကောင်း၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါးနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူ  (၁၁)ဦးတို့အား ဒုတိယပါမောက္ခချုပ် ဒေါက်တာ ရီရီသန်းမှလည်းကောင်း၊ တက္ကသိုလ် ဒီဂရီကောလိပ်ပေါင်းစုံ နေပြည်တော်၊ ဇုန်အလိုက် ပြိုင်ပွဲများနှင့် ကျောင်းတွင်းမေဂျာပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား/ ကျောင်းသူ (၂၅၂)ဦးတို့အား ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးလွင်နှင့် ပါမောက္ခ ဌာနမှူးများ၊ တာဝန်ရှိသူများမှ ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေ၊ ဒုတိယ ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးလွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ရီရီသန်း၊ ဘာသာရပ်များအလိုက် ပါမောက္ခ ဌာနမှူးများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဆုရရှိသူများ စုစုပေါင်း (၄၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)