ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့်အဖွဲ့ ဝါးခယ်မမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအား လာရောက်ကြည့်ရှုစစ်ဆေး

ဝါးခယ်မ ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှိ "အောင်ဇေယျခန်းမ" သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် အဖွဲ့များသည် ယနေ့နံနက် ၁၁ နာရီခွဲ အချိန်ရောက်ရှိလာပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်လဲ့လဲ့အောင်နှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ရာ ဒေါ်လဲ့လဲ့အောင်နှင့်တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း” အစီအစဉ်အား ဆောင်ရွက်ရန်စီစဉ်ထားမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် အဖွဲ့များသည် စာရေးကုန်းရပ်ကွက်၊ တိုးချဲ့ကွက်သစ်သို့ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် (အလျား ၇၀ ပေ၊ အနံ ၅၂ ပေ၊ အမြင့် ၁၅ ပေ၊ သံကူကွန်ကရစ်၊ ၁ ထပ်အဆောက်အဦ) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)