ညောင်လေးပင် နိုဝင်ဘာ ၁
နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် တိုင်း/ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ပဲခူးတိုင်းနယ်မြေတာဝန်ခံ ဦးထွန်းခင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က ကြိုတင်ဆန္ဒမဲ၊ ခိုင်လုံမဲပယ်မဲအကြောင်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်း ဆွေးနွေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ မေးမြန်းမှုများအား ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ပဲခူးတိုင်းနယ်မြေတာဝန်ခံ ဦးထွန်းခင်နှင့် တိုင်း/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ညောင်လေးပင်မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ဒုတိယ အကြိမ် မဲဆန္ဒရှင်စာရင်းများအရ (၁၆၂၅၂၅) ဦး ရှိရာ အသက်(၆၀) နှစ်အထက် ဘိုးဘွား မဲဆန္ဒရှင်များအပါဝင် ကြိုတင်မဲဆန္ဒရှင် ၂၅၆၇၄ ဦး ရှိကြောင်းနှင့် အောက်တိုဘာ ၃၁ ရက်နေ့အထိ ၄၄၁၄ ဦး ကြိုတင်မဲပေးပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
နီနီဝင်း (ပြန်/ဆက် )