ကျွန်းစုမြို့တွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးနေမှုနှင့် မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေ ကွင်းဆင်းစစ်ဆေး

ကျွန်းစု နိုဝင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးနေမှုနှင့် မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေကို ယနေ့ နံနက်ပိုင်း၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် မဲရုံးကြီးကြပ်တာဝန်ကျသော ဥပဒေအရာရှိ ဦးပြည့်ဖြိုးသော်တာနှင့် တာဝန်ရှိသူများက ကတ္တလူ ကျေးရွာ၊ မရမ်းချောင်းကျေးရွာ၊ ကတန်ကျေးရွာ၊ ကပကျေးရွာ၊ ထိန်ချောင်းကျေးရွာတို့ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မဲပေးမှုအခြေအနေကို ကြည့်ရှူခဲ့ကြပြီး အဆိုပါ ကျေးရွာစာသင်ကျောင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများ ကွင်းဆင်း စစ်ဆေးခဲ့ကာ ပြည်သူများ လာရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်းကြားချက်များအတိုင်း စီစဉ်ဆောင်ရွက်ပေးရန်နှင့် မဲရုံတွင် လိုအပ်နေမှုများကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ကျွန်းစုမြို့တွင် မဲရုံစုစုပေါင်း(၁၆၃)ရုံ ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၁သိန်း၁သောင်းကျော်ရှိကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲဝင်များက  အသက်(၆၀)နှင့်အထက် အဘိုးအဘွားများ၏ နေအိမ်များသို့ ကြိုတင်ဆန္ဒမဲများ ကွင်းဆင်းကောက်ခံလျက်ရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)