ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နေ့လည် ၃ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးက ပြိုင်ပွဲဝင်အသင်းများအား အားစားသမားအချင်းချင်း ရိုင်းပင်းကူညီပြီး၊အားကစားသမားစိတ်ဓာတ်အပြည့်ဖြင့် ယှဥ်ပြိုင်ကစားသွားကြရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူးဦးကျော်ဇင်ဖြိုးက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများအား ပြောကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ဆင်ပေါင်ဝဲမြို့နယ်ရှိ ရပ်ကွက်မှ ဘောလုံးဝါသနာရှင်များစုပေါင်း၍ ဘောလုံးပြိုင်ပွဲတွင် (၆) သင်းဖွဲ့စည်းကာ ပတ်လည်ပြိုင်ပွဲဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများအား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးဦးကျော်ဇင်ဖြိုးထံမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)