ငွေဆောင် ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့မီးသတ်ဦးစီးဌာနမှ မြို့အတွင်းမီးဘေး အန္တရာယ် မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် ဟိုတယ်၊ တည်းခိုရိပ်သာများ၏ မီးသုံးစွဲမှုအခြေအနေအား ဦးစားပေးစစ်ဆေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီမှ စတင်၍ စစ်ဆေးရန် ကျန်ရှိနေသေးသော ဟိုတယ်တည်းခိုရိပ်သာများအား ဆက်လက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မီးသတ်ဦးစီးဌာန၊ တပ်ကြပ်ကြီးဝင်းဘို ဦးဆောင်သည့် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းကာ ဟိုတယ်များ၏ မီးသုံးစွဲမှု အခြေအနေနှင့် မီးစနစ်တကျ သုံးစွဲမှုရှိ/မရှိ၊ မီးချိတ်မီးကပ်နှင့် မီးသတ်ဆေးဘူးထားရှိမှုတို့အား စစ်ဆေးကာ ဟိုတယ်၊ တည်းခိုရိပ်သာတာဝန်ရှိသူများအား ပွင့်လင်း ရာသီရောက်ရှိနေပြီဖြစ်၍ မီးဘေးမဖြစ်အောင် ဂရုစိုက်ကြရန်နှင့် မီးမလောင်ခင်၊ မီးလောင်နေစဥ်နှင့် မီးလောင်ပြီးလျှင် ဆောင်ရွက်ရမည့်နည်းလမ်းများအား ပြောကြားခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့အတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေး လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးမှုအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန လက်အောက်ရှိ ဟိုတယ်၊ တည်းခိုရိပ်သာ (၃၀)လုံး စစ်ဆေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကွင်းဆင်းစစ်ဆေးမှု လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
R – 014 (ငွေဆောင်)