ဖလမ်း ဖေဖော်ဝါရီ ၉
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျောင်းလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ နယ်လှည့် စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဟရန်အဲရ်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက လူနှင့်အားကစားခေါင်းစဉ်ဖြင့် ဟောပြောပြီး ပိုက်ကျော်ခြင်းပိုက်နှင့် ခြင်းလုံးကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူသည်။ ဆက်လက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးမှူး ဦးလှခင်က မီးဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာကောင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပြီး မီးဘေးအန္တရာယ် ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်အဖြစ် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုစေခဲ့ပြီး ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ရဲမြင့်အောင်