အိမ်မဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားကျင်းပ

အိမ်မဲ ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပသော မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဧရာဝတီတိုင်းတာဝန်ခံအဖွဲ့ဝင် ဦးသန်းထွန်းနှင့် မြောင်းမြခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနိုင်ဝင်းစိုးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ပတ်သက်သည့်အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ တစ်ဦးချင်းလက်တွေ့စမ်းသပ်မဲပေး လေ့လာခဲ့ကြကြောင်းသိရသည်။

“မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)သည်မြန်မာနိုင်ငံရှိပြည်သူလူထု၏ စာတတ်မြောက်မှုနှုန်းများအပေါ်မူတည်၍ တီထွင်ထားခြင်းဖြစ်ကြောင်း၊ မဲပေးစက်နှင့်ပတ်သက်၍ အများပြည်သူထံသို့ ပညာပေးရေးအစီအစဥ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကျိုးကျေးဇူးများသည့် အီလက်ထရောနစ်မဲပေးစက်များအသုံးပြုခြင်းအားဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ကြီးစွာသော အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း” မြောင်းမြ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနိုင်ဝင်းစိုးပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)