(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ကျောင်းမုခ်ဦးဖွင့်ပွဲနှင့် တိုင်းရင်းသားရိုးရာပဒေသာကပွဲ ကျင်းပ

ပခုက္ကူ ဖေဖော်ဝါရီ ၉

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၁၂ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ကျောင်းမုခ်ဦးဖွင့်ပွဲနှင့် တိုင်းရင်းသားရိုးရာပဒေသာကပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်သန်းတို့က ပခုက္ကပညာရေးဒီဂရီကောလိပ်ကျောင်းမုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းမုခ်ဦးဆိုင်းဘုတ်အား အမွှေးနံ့သာရည်ပက်ဖျန်းကြ သည်။

ဆက်လက်၍ တိုင်းရင်းသားရိုးရာပဒေသာကပွဲကျင်းပရာ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူပညာရေးဒီဂရီကောလိပ်ကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက စန္ဒကူးနံ့သာကျောင်းတော်ရာသီချင်း၊ ပြည်ထောင်စုရဲ့ထာဝရအလှနှင့် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြ သည်။

ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်၁၄၁ ဒသမ ၃၂၁ သန်းဖြင့် အကျယ် ၁၆ ပေ၊ အမြင့် ၁၂ ပေရှိ ကျောင်းမုခ်ဦးတည်ဆောက်ခြင်းနှင့် အလျား ၂၀၃၅ ပေ၊ အမြင့် ၆ ပေရှိ ကျောင်းဝန်းရှေ့ အုတ်တံတိုင်းကာရံခြင်းလုပ်ငန်းများကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့မှစတင်ပြီး RM-2 ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့်အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)