တနင်္သာရီ ဖေဖော်ဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က ချောင်းငယ်-အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူများအား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့အကြိုနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
၎င်းအခမ်းအနားသို့ ဒုတိယမြို့နယ်ပညာရေးမှူး၊ တနင်္သာရီမြို့မရဲစခန်းမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အ.မ.က-ချောင်းငယ် ကျောင်းအုပ်ကြီးဦးအေးသန်းနှင့်ဆရာ/မများ၊ GRADE-3/ GRADE-4/ GRADE-5 တို့မှကျောင်းသူ/သားများ စုစုပေါင်း(၁၀၀)ဦးခန့် စိတ်ဝင်တစားတက်ရောက်ခဲ့ကြသည်။
အခမ်းအနားမစတင်မီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၇) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမ်းအနားသို့ တက်ရောက်လာသူများထံ ဖြန့်ဝေပေးကြသည်။
ရှေးဦးစွာ ချောင်းငယ်-အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးဦးအေးသန်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးစိုးတို့က အမှာစကားပြောကြားပေးသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့အကြိုအဖြစ် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းနှင့် အမျိုးသားရေးဦးတည်ချက်(၅)ချက်ကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် တနင်္သာရီမြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်က မူးယစ်ကင်းစင်ကျောင်းတစ်ခွင်ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်းနှင့် မြို့မရဲစခန်းမှ ဒုရဲအုပ်နိုင်လင်းအောင်က ငါးပါးသီလကို ကျူးလွန်သူများအား သီလအလိုက်အပြစ်ပေးအရေးယူမှုနှင့် ဥပဒေများအကြောင်းကို မှုခင်းကျဆင်းရေးအတွက် အသိပညာပေးဆွေးနွေးပေးကြပြီး ၎င်းဆွေးနွေးမှုများနှင့်ပတ်သက်၍ ကျောင်းသူ/သားများအား ပြန်လည်ဆန်းစစ်မေးမြန်းကာ မှန်ကန်စွာဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား မြို့မရဲစခန်းမှူးနှင့် တာဝန်ရှိသူများက ဆုငွေများချီးမြှင့်ပေးကြကြောင်း သိရှိရသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.မ.က ချောင်းငယ်ကျောင်းအတွင်း ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်များ/အတ္ထုပ္ပတ္တိနှင့် (၃၃)နှစ်မြောက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှစ်ပတ်လည်နေ့မှတ်တမ်းဓါတ်ပုံများကို ပြင်ဆင်ပြသထားရှိသည့် နံရံကပ်စာစောင်ကို တက်ရောက်လာသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)