အိမ်မဲမြို့နယ် ယာယီဆေးရုံတွင် ကိုဗစ်-၁၉ ပိုးတွေ့၍ ဆေးကုသမှုခံယူနေသော လူနာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရ

အိမ်မဲ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးရုံတွင် ပိုးတွေ့ရှိ၍ တက်ရောက် ဆေးကုသမှုခံယူနေသည့် လူနာသည် ယနေ့တွင် ရောဂါလက္ခဏာများ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

''ဆေးရုံဆင်းခွင့်ရရှိတဲ့သူဟာ မြောင်းမြမြို့နယ်မှ ပိုးတွေ့အမျိုးသမီးနဲ့ တစ်ခန်းထဲအတူနေအမျိုးသမီးပါ။ သူတို့ကို အိမ်မဲမြို့အ-ထ-က(၁) အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းမှာ အသွားအလာ ကန့်သတ် ထားစဉ် အောက်တိုဘာ(၂၁)ရက်နေ့မှာ ပိုးတွေ့ရှိတဲ့အတွက် ယာယီဆေးရုံကိုလွှဲပြောင်းပြီး ဆေးကုသမှု ခံယူစေတာပါ။ မြောင်းမြက အမျိုးသမီးကတော့ မြောင်းမြဆေးရုံကြီးကို ပဲအဲဒီနေ့ကလွှဲလိုက်ပါတယ်။ ဒီနေ့မှာ ရောဂါသက်သာ ပျောက်ကင်းကြောင်းသိရတဲ့အတွက် ယာယီဆေးရုံကနေဆင်းခွင့်ပြုတာပါလို့'' မြို့နယ် ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ ၁၉ ဦး၊ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၈ ဦး ရှိကြောင်းနှင့် ဆက်လက် ဆေးကုသမှုခံယူနေသူ ၁ ဦး ရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)