မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တက်ရောက်

မကွေး ဖေဖော်ဝါရီ ၉

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂)သူနာပြုသားဖွားဒီပလိုမာ (၃)နှစ် သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (မကွေး)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းကို ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းကို သင်ကြားပို့ချပေးခဲ့ရာ ယခုဆိုရင် သင်တန်းအပတ်စဉ် (၂၉) သို့ ရောက်ရှိပြီး ၂၀၂၄ခုနှစ်တွင် သင်တန်းသား/သူ(၁၁၇)ဦးကိုထပ်မံ၍ သူနာပြုအတတ်ပညာများကို သင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ သူနာပြုများရဲ့ကဏ္ဍဟာ အလွန်ပင်အရေးကြီးလှပါကြောင်း၊ ပြည်သူ့အကျိုးပြု သူနာပြုကောင်းများဖြစ်အောင် ယခုအချိန်ကစပြီး စာတွေ့လက်တွေ့ စဉ်ဆက်မပြတ် ဆည်းပူးလေ့လာနေဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံတော်ကလည်း သင်တန်းသား/သူများအတွက် လစဉ်ပညာသင်ထောက်ပံ့ကြေး သုံးသောင်းကျပ်ကို သင်တန်းပြီးဆုံးသည့်အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသစ်လွင်သင်တန်းသား/သူများအနေဖြင့်လည်း ဘာသာရပ်တိုင်းကို စာတွေ့လက်တွေ့လေ့လာ၍ ကျွမ်းကျင်သော သူနာပြုကောင်းများဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း ကြောကြားသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများက “လောကအားမာန်”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နိုင်ငံတော်အတွက် လိုအပ်နေတဲ့ အရည်အသွေးပြည့်ဝသည့် သူနာပြု၊ သားဖွားများကို လုံလောက်စွာ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး စွမ်းစွမ်းတမံ ဆောင်ရွက်ကြစေလိုကြောင်းနှင့် ကျင့်ဝန်များကို ထိန်းသိမ်းကာ နိုင်ငံတော်၏ အကျိုးကို သယ်ပိုးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် အပတ်စဉ်(၂၉) (သစ်လွင်) သူနာပြုသင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး  သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး)မှ သင်တန်းသား၊ သင်တန်းသူများက ရိုးရာမပျက်တဲ့မြေလတ်ခတ်သံ၊ ခင်ခင်ထား စသည့်တေးသီချင်းများဖြင့် သရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်ကြရာ ဖျော်ဖြေတင်ဆက်ခဲ့သည့် အကအလှအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)