သာယာဝတီ ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးသူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ဉာဏ်စမ်းပဟေဋိပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက အနာဂတ်ကလေးသူငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာများပြည့်စုံလာစေရန် စသည်ဖြင့် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ကလေးသူငယ်များအား ပဟေဋိအမျိုးမျိုးဖြင့် ဉာဏ်စမ်းပြိုင်ပွဲကို ကျင်းပလျက်ရှိရာ ကလေးသူငယ်များမှ စိတ်ဝင်တစားဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရကျောင်းသား/ ကျောင်းသူ (၃) ဦးအား တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများချီးမြှင့်ပေးခဲ့သည်။ ပြိုင်ပွဲအပြီးတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဝှေပေးခဲ့ပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြသည်။
သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မျိုးဆက်သစ် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းအပြင် သင်တန်းများ၊ ပန်ချီပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ စသည့်အစီအစဉ်များနှင့် အသိပညာပေး Talk Show များကို စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)