တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသန့်ဇင်သည် ကျွန်းစုမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့် (၃)နှင့် Biometric အချက်အလက်များ စာရင်းကောက်ယူနေမှုအား ကြည့်ရှုစစ်ဆေး

ကျွန်းစု ဖေဖော်ဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက တိုင်းရင်းသားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေရရှိရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)နှင့် Biometric အချက်အလက်များ စာရင်းကောက်ယူနေမှုအား ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျွန်းစုမြို့နယ်ဦးစီးမှူး ဦး​ဇော်ဝင်းအောင် ဦးဆောင်၍ ဝန်ထမ်းများနှင့်တာဝန်ရှိသူများ ပူးပေါင်းကာ မြို့ပေါ် အမှတ်(၃) ရပ်ကွက်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အဆောက်အအုံ မှတ်ပုံတင်ခြင်းလုပ်ငန်းအားလည်းကောင်း၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်အဆင့်(၃)အရ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်နေမှုများအားလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၌ ကပကျေးရွာအုပ်စုအတွင်း နေထိုင်ကြသူများအား Biometric အချက်အလက်များကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအားလည်းကောင်း၊ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး၌ နိုင်ငံသားစိစစ်ကတ်ပြားရှိ၍ အိမ်ထောင်စုမရှိသူများစာရင်း ဖြည့်သွင်းဆောင်ရွက်နေမှုအားလည်းကောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များအား မှာကြားခဲ့သည်။

ကျွန်းစုမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် အမှတ်(၁) ရပ်ကွက်မှ စတင်၍ အမှတ်(၄)ရပ်ကွက်အထိ လူနေ/လူမနေ အဆောက်အအုံများအား ဇန်နဝါရီ(၂၀)ရက်နေ့မှ စတင်ကောက်ယူလျက်ရှိပြီး မတ်လကုန်အထိ ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ပန်းခင်းစီမံချက်အဆင့်(၃)အား ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်ကာ ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လ(၃၁)ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)