ပန်းတောင်းမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပန်းတောင်း ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုစာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ သမိုင်းဝင်ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အကြောင်းအရာများကိုလည်းကောင်း၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ကြစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် စာများများဖတ်ကြရန်၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အကောင်းအဆိုးခွဲခြားတတ်စေရန် စာပေများကြိုးစားဖတ်ရှုလေ့လာသင့်သည်ကို ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသော အ.ထ.က (ပန်းတောင်း) ကျောင်းမှ ကျောင်းသား/ သူ (၂၅) ဦးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အသိပညာပေးနံရံကပ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်အားပြသခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)