ကန့်ဘလူ ဖေဖော်ဝါရီ ၉
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းနှင့်ပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်မှုကို ဖေဖော်ဝါရီ ၈ ရက်နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်လင်းနှင့် တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့နေအိမ်များတွင် မီးဘေးအန္တရာယ်များ မဖြစ်ပွားမပေါ်ပေါက်စေရေး၊ ပြည်သူများပေါ့စစွာသုံးစွဲခြင်းမှ ရှောင်ကြဥ်ရန်နှင့်မီးကို စနစ်တကျသုံးစွဲတတ်စေရန်၊ မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းများထားရှိစေရန်၊ အရေးပေါ်ဖြစ်ပွားလာပါက ချက်ချင်းသတင်းပို့နိုင်ရေးနှင့် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုသိရှိစေရန်၊ မီးဖိုအသုံးပြုနေသည့် နေအိမ်များ၊ အခြားမီးသုံးစွဲနေသည့် နေအိမ်များ စနစ်တကျရှိမရှိ စစ်ဆေး၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း နည်းလမ်းများကို တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း အသိပညာပေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရပ်ကွက်များအတွင်းရှိ ဘာသာရေးအဆောက်အအုံများ၊ ကိုယ်ပိုင်ကျောင်းများ၊ နေအိမ်များတွင်လည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း၊ အသိပညာပေး ဆွေးနွေးဟောပြော ခြင်းများကို ဖေဖော်ဝါရီ ၃ ရက်မှယနေ့အထိ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)